လုံခြုံစိတ်ချစွာဖြင့် ရွှေ့ပြောင်းသွားလာခြင်း

အောင်မြင်မှုသည် ကြိုတင်ပြင်ဆင်မှုနှင့် အခွင့်အလမ်းများဆုံတွေ့ခြင်းတို့ ပေါင်းစပ်ခြင်းမှဖြစ်တည်လာပါသည်။

လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းသည် ကောင်းမွန်သည့်ပြင်ဆင်ခြင်းမှ အစပြုသည်။

အမြတ်ထုတ်ခြင်းနှင့် ဗန်းပြရိုက်စားခံရသည့်သားကောင်မဖြစ်စေရန်အတွက် မိမိကိုယ်မိမိကာကွယ်ပါ။ ကလိန်ကကျစ်ကျသောပွဲစားများ၏ ချိုသာကောင်းမွန်သည့်ကတိစကားများကြောင့် သင့်ဘဝအားအန္တရာယ်စက်ကွင်းထဲသို့ မသွင်းမိပါစေနှင့်။ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းသွားလာမှုပြုပါက ဤစာမျက်နှာအားအသုံးပြုရန် အကြံပြုပါသည်။ ကောင်းမွန်သည့်ပြင်ဆင်မှုသည် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းခြင်းနှင့် ကောင်းမွန်သည့်အတွေ့အကြုံများဆီသို့ ဦးဆောင်ပေးပါသည်။

ထိုင်းနိုင်ငံသို့ မည်သည့်အတွက်ကြောင့် ရွှေ့ပြောင်းရခြင်းဖြစ်သနည်း။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသည် အခွင့်အလမ်းရှိသည့်နေရာတစ်ခုဖြစ်သည်။ တရားဝင်နည်းလမ်းဖြင့်ဖြစ်စေ၊ တရားမဝင်နည်းလမ်းဖြင့်ဖြစ်စေ ခန့်မှန်းခြေ ထိုင်းနိုင်ငံအတွင်း၌ ရွှေ့ပြောင်းသူ ( ၄ ) သန်းခန့်ကိုတွေ့ရှိနေရပါသည်။ ထိုင်းနိုင်ငံသို့ ကြိုတင်ပြင်ဆင်မှုပြုလုပ်ပြီးမှ တရားဝင်နည်းလမ်းဖြင့် ဝင်ရောက်လာခဲ့သူများမှာ ထိုင်းနိုင်ငံအတွင်းနေထိုင်စဉ် ကောင်းမွန်သည့် ပျော်ရွှင်မှုနှင့် အကျိုးအမြတ်များရှိသည့် အခွင့်အရေးများရရှိနိုင်သည်ကို တွေ့ရှိရပါသည်။ ထိုင်းနိုင်ငံသို့ သွားရောက်သည့် ခရီးလမ်းနှင့် နေထိုင်မှုများအတွက် လုံခြုံစိတ်ချမှုရရှိစေရန် အသိအမှတ်ပြုခံထားရသည့် အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအား ဝန်ဆောင်မှုအတွက် အသုံးပြုရန်ကို ကျွန်ုပ်တို့ဖက်မှ လေးနက်စွာ အကြံပြုလိုပါသည်။

ထိုင်းနိုင်ငံရှိ အခွင့်အလမ်းများ

  • ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရှိခြင်း။

  • ပိုမိုကောင်းမွန်သည့်လုပ်အားခနှင့် လစာဝင်ငွေများရရှိခြင်း။

  • ပိုမိုကောင်းမွန်သည့် နေထိုင်မှုအဆင့်အတန်းများရရှိခြင်း။

  • ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများရရှိနိုင်ခြင်း။

  • ပညာရေးအခွင့်အလမ်းများရှိခြင်း။

  • ယဉ်ကျေးမှုထုံးတမ်းဓလေ့ အသစ်များတွေ့ကြုံရခြင်း။

စိတ်ချလုံခြုံသော ပြောင်းရွှေ့သွားလာခြင်း

လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းအတွက် သေချာစွာစိစစ်ထားသည့်အဆင့်များအား အောက်တွင်ဖော်ပြထားပါသည်။ကျေးဇူးပြု၍ အဆင့်အတိုင်း မှတ်သားသွားပါက အဆင်ပြေမည်ဖြစ်ပါသည်။

အဆင့် ( ၁ ) အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ

လိုအပ်သောစာရွက်စာတမ်းများရရှိစေရန်နှင့် ထိုင်းနိုင်ငံသို့ လုံခြုံစိတ်ချစွာ စတင်အလုပ်လုပ်ကိုင်ရန်အတွက်ထွက်ခွါခြင်း၊ ပြင်ဆင်ခြင်းတို့တွင် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ အကူအညီများပေးနိုင်ပြီး၊ နိုင်ငံခြားတိုင်းပြည်များရှိ လုပ်ငန်းပိုင်ရှင်များနှင့်လည်း ၎င်းတို့မှ အချိတ်အဆက်ရှိနေကြောင်းကိုပါသိရှိထားရမည်ဖြစ်သည်။ အကယ်၍ဖြစ်နိုင်ပါက ပွဲစားများအားအသုံးမပြုဘဲ မိမိကိုယ်တိုင် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီသို့ ကိုယ်တိုင်သွားရောက်သင့်ပါသည်။

သင့်အတွက်၎င်းတို့မှ မည်သည့်အရာများလုပ်ပေးနိုင်သနည်း။

  • သင့််အတွက်၎င်းတို့မှ သင့်တင့်ဆီလျော်သည့်အလုပ်များအား ရှာဖွေပေးနိုင်ခြင်း။

  • လိုအပ်သောစာရွက်စာတမ်းများအတွက် လျှောက်ထားရာတွင် အကူအညီပေးနိုင်ခြင်း။

  • လုပ်ငန်းသဘောတူစာချုပ်အတွက် အကူအညီပေးနိုင်ခြင်း။

  • လုပ်ငန်းခွင်နှင့်ပါတ်သက်သည့် ပြဿနာများအားဖြေရှင်းရာတွင် တရားဥပဒေကြောင်းဆိုင်ရာ အကူအညီများပံ့ပိုးပေးနိုင်ခြင်း။

  • ၎င်းတို့မှ သင့်အလုပ်သမားအခွင့်အရေးများအား အကာအကွယ်ပေးနိုင်ခြင်း။

  • ထိုင်းနိုင်ငံသို့ သွားရောက်ရန်ခရီးစဉ်များအတွက် သယ်ယူပို့ဆောင်ရေးအားစီစဉ်ပေးနိုင်ခြင်း။

အဆင့် ( ၂ ) လိုအပ်သောစာရွက်စာတမ်းများ

ထိုင်းနိုင်ငံသို့ လုံခြုံစိတ်ချစွာ သွားရောက်နိုင်ရန်အတွက် တိကျသေချာသည့်စာရွက်စာတမ်းများ အမှန်တစ်ကယ်လိုအပ်ပါသည်။ ၎င်းစာရွက်စာတမ်းများသည် ပြည်ပနိုင်ငံများတွင် တရားဝင်သွားလာလုပ်ကိုင်နိုင်ရန်အတွက် အခွင့်အရေးများကို ရရှိစေပါသည်။ ၎င်းစာရွက်စာတမ်းများမပါရှိခြင်းဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းစသည့်အန္တရာယ်များကို ခံရမည်ဖြစ်ပါသည်။

တရားဝင်စာရွက်စာတမ်းများ

အဆင့် ( ၃ ) လုပ်ငန်းသဘောတူစာချုပ်

လုပ်ငန်းစာချုပ်ဆိုသည်မှာ – သင်နှင့် သင်၏အလုပ်ရှင်တို့အကြား လက်တွဲလုပ်ကိုင်ရေးနှင့် ပါတ်သက်သည့်အခြေအနေများကို အသေးစိတ်ဖော်ပြထားပြီး နစ်နာကြေးများနှင့် မျှော်လင့်ချက်များ ( ဆုကြေး ) ကဲ့သို့သော အချက်များလည်းပါဝင်ပါသည်။ လုပ်ငန်းစာချုပ်ရှိနေခြင်းအားဖြင့် သင်နှင့် သင့်အလုပ်ရှင်တို့မှ အပြန်အလှန်လုပ်ဆောင်နိုင်ကြပြီး ခံစားခွင့် ( ဆုကြေးများ ) အပေါ်တွင်လည်း သတိပြုစေနိုင်ပါသည်။ လုပ်ငန်းစာချုပ်အား လက်မှတ်မရေးထိုးမှီ စာချုပ်ပါအချက်များအား သေချာစွာဖတ်ရှုပြီး လုပ်ငန်းအခြေအနေများအပေါ် သေချာစွာနားမလည်ပါက ဆွေးနွေးတိုင်ပင်မှုပြုလုပ်ပါ။

စစ်ဆေးရမည့် အရေးကြီးသောအချက်များ

  • လုပ်ငန်းသဘောတူညီမှု စတင်သည့်ရက်စွဲနှင့် ပြီးဆုံးမည့်ရက်စွဲ။

  • လုပ်ငန်းဖော်ပြချက်နှင့် တာဝန်ဝတ္တရားများ။

  • အလုပ်ချိန်၊ နစ်နာကြေးနှင့် အကျိုးခံစားခွင့်များ။

  • အလုပ်နားရက်နှင့် ဖျားနာခွင့်များ။

  • အလုပ်မှရပ်စဲရသည့် အကြောင်းအရာဖော်ပြချက်များ။

  • လူမှုဖူလုံရေးကဲ့သို့သော အခြားအကျိုးခံစားခွင့်များ။

အဆင့် ( ၄ ) ပြည်ပထွက်ခွာ သိကောင်းစရာသင်တန်း

ဤအဆင့်၌ သင်အလုပ်သွားရောက်လုပ်ကိုင်မည့် အလုပ်ရှင်အားသိရှိနေပြီဖြစ်သည်။ လုပ်ငန်းသဘောတူစာချုပ်အပေါ် ဆွေးနွေးတိုင်ပင်မှုပြုလုပ်ပြီး သဘောတူလက်မှတ်ရေးထိုးကာ ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် လိုအပ်သည့်တရားဝင်စာရွက်စာတမ်းများကို သင်ရရှိပြီဖြစ်သည်။ ယခုအချိန်၌ ထိုင်းနိုင်ငံနှင့်ပါတ်သက်သည့် အကြောင်းအရာများအားပိုမိုလေ့လာရမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ ဧည့်သည်တစ်ယောက်အနေဖြင့် သင်စတင်ရောက်ရှိချိန်မှစတင်၍ လူမှုပါတ်ဝန်းကျင်အကြောင်းအား သိရှိထားရမည်ဖြစ်ပြီး နားလည်မှုလွဲမှားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ပြဿနာအခက်အခဲများမှ သင့်ကိုသင်ကာကွယ်နိုင်ရန်အတွက် မျှော်လင့်ထားချက်များ ( ကြိုတင်ကြံဆမှုများ ) အားလည်း သိရှိထားရမည်ဖြစ်သည်။

သင်၏အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကိုယ်စားလှယ်မှ အလုပ်သမားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်တို့မှ ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက်ပြင်ဆင်ရာတွင် ပို့ချပေးသည့်ယဉ်ကျေးမှုသင်တန်းသို့ သင့်အားပို့ဆောင်ပေးမည်ဖြစ်သည်။

သင်တန်း၌ အောက်ပါအကြောင်းအရာများကို သင်လေ့လာသင်ယူရမည်ဖြစ်သည်။

  • ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့နှင့် နိုင်ငံသားများအကြောင်း။

  • စံချိန်စံညွှန်းများနှင့် တန်ဖိုးထားရှိမှုအကြောင်းအရာများ။

  • တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ။

  • ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့် အလုပ်သမားအခွင့်အရေးများ။

  • ဘာသာစကားနှင့် သုံးစွဲသည့်ငွေကြေးများအကြောင်း။

  • ဆောင်ရန်နှင့် ရှောင်ရန်များ။

  • အကူအညီပေးမည့် အဖွဲ့အစည်းများနှင့် အရေးပေါ်ဖုန်းနံပါတ်များ။

အဆင့် ( ၅ ) ထွက်ခွါခြင်းနှင့် ဆိုက်ရောက်ခြင်း

ယဉ်ကျေးမှုသင်တန်း ( ထိုင်းနိုင်ငံအကြောင်းသိကောင်းစရာ ) တက်ရောက်ပြီးသည့်နောက် လုံခြုံစိတ်ချရသည့် ခရီးသွားလာမှုအား စတင်ရန်အတွက် သင်မှအသင့်ဖြစ်နေပြီဖြစ်သည်။ သင်၏အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကိုယ်စားလှယ်မှ သင့်အားနယ်စပ်ရှိ စစ်ဆေးရေးဂိတ်သို့ ကားဖြင့် ( ဖြစ်နိုင်ချေရှိသော ) ခေါ်ဆောင်သွားမည်ဖြစ်သည်။ လိုအပ်သောတရားဝင်စာရွက်စာတမ်းများ ကျန်ရှိခဲ့ခြင်းများ မဖြစ်စေရန်အတွက်နှင့် လိုအပ်ပါက ထပ်ဆောင်းစာရွက်စာတမ်းများအား ပြင်ဆင်နိုင်ရန်အတွက် နယ်စပ်၌ သင်၏စာရွက်စာတမ်းများအား သေချာစွာစစ်ဆေးမည်ဖြစ်ပါသည်။ ဤအဆင့်များ အားလုံးပြီးစီးသွားပါက နယ်စပ်ဖြတ်ကျော်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း သင်သွားရောက်လုပ်ကိုင်မည့်လုပ်ငန်းခွင်နှင့် နေထိုင်ရမည့်နေရာတို့အား တစ်ဖက်နိုင်ငံရှိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကိုယ်စားလှယ်မှ သင့်အား စောင့်ကြိုကာ ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။

သွားရောက်လုပ်ကိုင်နေထိုင်ရမည့် ပထဝီအနေအထားအပေါ်မူတည်၍ အချို့သောသူများအတွက် ခရီးစဉ်မှာ ကြာမြင့်နိုင်မည်ဖြစ်ပါသည်။ သင်ခရီးစဉ်မှ သင်သွားရောက်လုပ်ကိုင်ရမည့်နေရာရှိ လုပ်ငန်းရှင်နှင့် လုပ်ဖော်ကိုင်ဖက်များအား တွေ့ဆုံနှုတ်ဆက်မှုပြုနိုင်ရန်အတွက် သင့်အားပို့ဆောင်ပေးသွားမည်ဖြစ်ပြီး၊ နေထိုင်ရမည့်နေရာသို့အရောက်တွင် ပြီးဆုံးလိမ့်မည်ဖြစ်ပါသည်။

မိမိနှင့်အတူ အမြဲရှိနေရမည်ဖြစ်ပြီး အာဏာပိုင်များမှလည်းစစ်ဆေးမည်ဖြစ်သော အရေးကြီးသည့်စာရွက်စာတမ်းများ

  • သင်၏နိုင်ငံကူးလက်မှတ်က သင့်အားမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံပေးမည်ဖြစ်သည်။

  • အလုပ်ခေါ်စာမှ သင့်အားအလုပ်လုပ်ကိုင်ရန်အတွက် ထောက်ခံချက်ပေးမည်ဖြစ်သည်။

  • ထွက်ခွါ နှင့် ဆိုက်ရောက် ကတ်ပြားများ။

  • ထိုင်းနိုင်ငံအတွင်း၌ နေထိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ နေထိုင်ခွင့်ဗီဇာမှ ခွင့်ပြုချက်ပေးထားမည်ဖြစ်သည်။

  • ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်က သင့်အားခွင့်ပြုချက်ပေးထားမည်ဖြစ်ပါသည်။

  • လုပ်ငန်းသဘောတူစာချုပ်က သင်မှသဘောတူထားခဲ့သော အချက်အလက်များအား အထောက်အထားတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားပေးနေမည်ဖြစ်သည်။

အဆင့် ( ၆ ) ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်၏ တာဝန်ဝတ္တရားများ

ထိုင်းနိုင်ငံ၌ နေထိုင်အလုပ်လုပ်ကိုင်နေစဉ်အတွင်း အချို့သောအရေးကြီးသည့်တာဝန်ဝတ္တရားများအား သင်မှ ဂရုပြုရန် ရှိလာလိမ့်မည်ဖြစ်ပါသည်။

  • ရက် ( ၉၀ ) သက်တမ်းတိုးမှု – ထိုင်းနိုင်ငံအတွင်း နေထိုင်သောရွှေ့ပြောင်းအလုပ်သမားများအားလုံးမှ ရက် ( ၉၀ ) ပြည့်တိုင်း လူဝင်မှုကြီးကြပ်ရေးဌာနသို့ သတင်းပို့ရမည်ဖြစ်ပါသည်။ ပျက်ကွက်ပါက ဒဏ်ငွေပေးဆောင်ရခြင်း ( သို့ ) အပြစ်ပေးခြင်းခံရမည်ဖြစ်ပါသည်။ အကယ်၍ သင်မှ လူဝင်မှုကြီးကြပ်ရေးဌာနသို့ ကိုယ်တိုင်မသွားရောက်နိုင်ပါက အခကြေးငွေအနည်းငယ်မျှဖြင့် ဝန်ဆောင်မှုပေးနေသည့် အချို့သောပွဲစားများလည်းရှိနေပါသည်။ သို့သော်လည်း လူမှုအသိုင်းအဝန်းအတွင်း ၎င်းပွဲစားများမှာ ယုံကြည်ရခြင်းရှိ / မရှိကို စုံစမ်းကြည့်ပါ။

  • နေထိုင်ခွင့်သက်တမ်းတိုးခြင်း – သင့်အား ထိုင်းနိုင်ငံအတွင်း နေထိုင်ရန်အတွက် ခွင့်ပြုထားသော ဗီဇာ( ခွင့်ပြုလက်မှတ်) ကိုရရှိမည်ဖြစ်သည်။ သင်ရရှိထားသော ဗီဇာအမျိုးအစားအပေါ်မူတည်၍ သင်၏ဗီဇာမှာသတ်မှတ်ထားသည့် ကာလတွင်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သက်တမ်းမကုန်ဆုံးမီ သင်၏ဗီဇာအားသက်တမ်းတိုးနိုင်ရန်အတွက် သေချာစွာစီစဉ်ထားရမည်ဖြစ်သည်။ သို့မဟုတ်ပါက ကြီးလေးသောပြစ်ဒဏ်နှင့် ဒဏ်ငွေတပ်ခြင်းများကို ရင်ဆိုင်ရနိုင်ပါသည်။

  • အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သက်တမ်းတိုးခြင်း – သင်၏နေထိုင်ခွင့်လက်မှတ်က သင့်အား ထိုင်းနိုင်ငံအတွင်း နေထိုင်ရန်အတွက် ခွင့်ပြုပေးမည်ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်က သင့်အား ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ခွင့်ပြုပေးမည်ဖြစ်သည်။ ၎င်းအလုပ်လုပ်ကိုင်ခွင့်လက်မှတ်အား သက်တမ်းမကုန်ဆုံးမီ သက်တမ်းတိုးရန်ကို သတိပြုရမည်ဖြစ်သည်။ သင်မှ ထိုင်းအလုပ်သမားရုံးသို့ကိုယ်တိုင်သွားရောက်နိုင်သလို ယုံကြည်စိတ်ချရသောပွဲစားမှတစ်ဆင့် ဤဝန်ဆောင်မှုအတွက် အကူအညီ ( မေတ္တာရပ်ခံ ) တောင်းခံနိုင်ပါသည်။

  • ယာဉ်မောင်းလိုင်စင် – အကယ်၍သင်မှ မော်တော်ကား (သို့) မော်တော်ဆိုင်ကယ် အားဝယ်ယူရန် (သို့) ငှားရမ်းရန်အစီအစဉ်ရှိပါက တရားဝင်ယာဉ်မောင်းလိုင်စင်ရှိရန်အတွက် သေချာစွာစီစဉ်ထားရမည်ဖြစ်သည်။ ယာဉ်မောင်းလိုင်စင်မရှိဘဲ ယာဉ်မောင်းနှင်မှုကြောင့် ယာဉ်ထိန်းရဲ၏ဖမ်းဆီးခြင်းခံရပါက ဒဏ်ငွေရိုက်ခြင်းကို ခံရမည်ဖြစ်ပါသည်။ ယာဉ်ရှုပ်ထွေးသောလမ်းမများ၌ ယာဉ်ထိန်းရဲများမှ ပုံမှန် ဆိုင်ကယ်ဦးထုပ်နှင့် ယာဉ်မောင်းလိုင်စင်စစ်ဆေးခြင်းတို့အား ပြုလုပ်လေ့ရှိပါသည်။ မိမိကိုယ်တိုင်နှင့် အခြားသူများအား အန္တရာယ်မဖြစ်စေနိုင်ရန်အတွက် ဘေးကင်းစွာမောင်းနှင်ပါ။

  • ထိုင်းနိုင်ငံ၏ဥပဒေများ – ထိုင်းနိုင်ငံ၏ အခြေခံဥပဒေများအား ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ထားခြင်းဖြင့် ဥပဒေကိစ္စရပ်များနှင့် သင်တွေ့ကြုံရပါက ပြင်ဆင်ထားပြီးသားဖြစ်ပေမည်။ ဥပဒေအား မသိရှိသည့်အတွက်ကြောင့် ရာဇဝတ်ကောင်များမှ သင့်အားဥပဒေများနှင့် ကျွမ်းဝင်မှုမရှိသည်ကို သိရှိသောကြောင့် သင်မှ ၎င်းတို့၏အသုံးချခြင်းကိုခံရမည့် အားနည်းချက်ရှိမည်ဖြစ်သည်။

  • လုံခြုံစိတ်ချရမှုနှင့် ယဉ်ကျေးမှုရှိပါစေ – မည်သည့်နေရာမဆိုတွင် လုံခြုံစိတ်ချရပြီး ဖော်ရွှေမှုရှိသည့် ပတ်ဝန်းကျင်အသိုင်းအဝန်းအား ဖန်တီးရန်အတွက် သင့်မှာတာဝန်ရှိသည်။ ထိုင်းနိုင်ငံအတွင်း ဧည့်သည်တစ်ဦးအနေဖြင့်နေထိုင်စဉ် ယင်းတိုင်းပြည်နှင့် နိုင်ငံသားများအပေါ် လေးစားမှု၊ ကြင်နာမှုတို့နှင့် ဆက်ဆံပြုမူခြင်းအားဖြင့် မိတ်ဆွေသူငယ်ချင်းများနှင့် အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပါသည်။ အကယ်၍ မိမိကိုယ်ကိုကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားမှုရှိခြင်း၊ ထိုင်းနိုင်ငံ၏ဥပဒေများ၊ မူဝါဒများ၊ဘာသာစကားများ၊ ဒေသခံများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိခြင်းအားဖြင့် ရာဇဝတ်သားကောင် ဖြစ်မည့်အန္တရာယ်ဆိုးမှ ကာကွယ်လျှော့ချနိုင်မည်ဖြစ်ပါသည်။

အဆင့် ( ၇ ) – ပြဿနာအခက်အခဲများနှင့် အကူအညီများ

လုပ်ငန်းခွင်အတွင်း ပြဿနာနှင့် တွေ့ကြုံလာရပါက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအား အမြဲဆက်သွယ်အကြောင်းကြားပါ။ ၎င်းတို့မှ သင့်အား ကောင်းမွန်သည့်အကြံဉာဏ်နှင့် လမ်းညွှန်ချက်များအား ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

နေ့စဉ်အခြေခံအကြောင်းအရာများ အပေါ်မူတည်ပြီး ရွှေ့ပြောင်းအလုပ်သမားများအား အကူအညီပေးမည့်အသင်း၊ အဖွဲ့အစည်းမြောက်များစွာရှိနေပြီး၊ ၎င်းတို့မှ သင့်အား လူမှုရေးပြဿနာ ( သို့ ) လုပ်ငန်းခွင်နှင့် သက်ဆိုင်သောပြဿနာများအတွက် အကူအညီပေးရန် အသင့်ရှိနေကြပါသည်။ ၎င်းတို့အား ဆက်သွယ်ရန်အတွက် တုန့်ဆိုင်းခြင်းမရှိပါနှင့်။ ၎င်းတို့မှ သင့်အား အကူအညီပေးရန် ရှိနေကြပါသည်။

ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံအတွက် ဤနေရာအားနှိပ်ခြင်းဖြင့် ကူးယူနိုင်ပါသည်   ( သို့ ) အောက်ဖော်ပြပါစာရင်းတွင်ရှိသော ဖုန်းနံပါတ်များအား တိုက်ရိုက်ခေါ်ဆိုနိုင်ပါသည်။

  • FED ၏အရေးပေါ်ဖုန်းနံပါတ် – ၀၆ ၂၉၇၈ ၁၀၀၉ လူကုန်ကူးခံရခြင်းအကြောင်းကိစ္စ၊ ဥပဒေဆိုင်ရာအကူအညီ နှင့် အလုပ်သမားပြဿနာများရှိလာပါက ဆက်သွယ်ပါရန်။

  • FED ထိုင်းနိုင်ငံတောင်ပိုင်း – ၀၇၆ ၄၈၆၃၅၁ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကူအညီတောင်းခံရန်အတွက် ဆက်သွယ်ပါ။

  • FED ထိုင်းနိုင်ငံမြောက်ပိုင်း – ၀၅၅ ၅၃၃ ၂၈၅ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အကူအညီတောင်းခံရန်အတွက် ဆက်သွယ်ပါ။

  • ထိုင်းအရေးပေါ်လူနာတင်ယာဉ် – ၁၆၉၉ အရေးပေါ် မတော်တဆထိခိုက်ဒဏ်ရာ ရရှိပါက ဆက်သွယ်ပါ။

  • ထိုင်းအရေးပေါ်ရဲဌာန – ၁၉၁ ထိုင်းရဲတပ်ဖွဲ့၏အကူအညီရယူရန်အတွက် ဆက်သွယ်ပါ။

လူကုန်ကူးခံရမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုတို့သည် အမှန်တစ်ကယ်ဖြစ်ပွါးနေပါသည်။ အကယ်၍ ပြင်ဆင်ရန်နှင့် အခြားလိုအပ်သည်များရှိသော်ငြားလည်း လုံခြုံစိတ်ချရသောခရီးသွားခြင်းကိုသာ ရွေးချယ်ပါ။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မိမိ၏မိသားစု၊ မိတ်ဆွေနှင့် မိမိကိုယ်တိုင်၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်ပါသည်။